Header Ads

Sponsor

လက်တော့ပ် စခရင်မ် ပေါ်က ကောင်မလေး …!


တစ်နေ့ ကျွန်တော် ကျောင်း ကပြန်လာတော့ အမေ နဲ့ အဖေ က ဖုန်းဆက်တယ် ။ သူတို့ အလုပ် ကိစ္စ ခရီး သွားလိုက်ရတဲ့ အတွက် ဒီည အိမ်ပြန် မလာနိုင်တော့တဲ့ အကြောင်း ကို ပြောတယ် ။ ကျွန်တော် လည်း တစ်ယောက်တည်း ပျင်းပျင်းနဲ့ ဖြစ်နေတော့တယ် ။
ကျောင်း က အိမ်စာတွေလည်း လုပ်စရာ မရှိ ။ ဒီလိုနဲ့ လက်တော့ပ် ကိုင်ပြီး အင်တာနက် ထိုင်သုံးရင်း အချိန် ဖြုန်း နေမိတယ် ။ ဗီဒီရို ခေါ်ပြီး စကား ပြောရတဲ့ အကောင့် ထဲ ဝင်ပြီး ရှိတဲ့သူနဲ့ စကားပြောမယ် ဆိုပြီး စဉ်းစား လိုက်တယ် ။ အကောင့်ဖွင့်ပြီး လူရှာနေတုန်း ကောင်မလေး တစ်ယောက် ပေါ်လာပါလေရော ။
ကောင်မလေး ကို ကြည့်ရတာ တစ်ခုခု ကို ကြောက်ပြီး ငိုနေသလိုပဲ ။ အသံထွက်မှာစိုးလို့ သူ့ ပါးစပ်ကို လက်နဲ့ အုပ်ထားပြီး မျက်ရည်တွေကျ ငိုနေတယ် ။ ကျွန်တော် ကို ကင်မရာ ကနေ တွေ့တာနဲ့ စာရိုက်လာတယ် ။
သူး ကျွန်မ ကို ကူညီ ပါ ။ ကူညီပါ ။
ကျွန်တော်း ဘာဖြစ်လို့တုန်း
သူး ရဲစခန်း ကို ဖုန်းဆက်ပေးပါ ။
ကျွန်တော်း ဘာ ဘာဖြစ်လို့တုန်း
သူး ကျွန်မ အိမ်ထဲမှာ တစိမ်း တစ်ယောက်ယောက် ရောက်နေတယ် ။
ကျွန်တော်း စနေတာမဟုတ်လား ။ မစ ပါနဲ့ ဟာ
သူး စတာ မဟုတ်ဘူး ။ အတည်ပြောနေတာ ။ ရဲ ကို ဖုန်း ဆက်ပေးပါ ။
ကျွန်တော်း အေးပါ ။ ဖုန်းဆက်ပေးမယ် ။ ဒါနဲ့ ဘာလို့ နင် ကိုယ်တိုင် ရဲဆီ ဖုန်း မဆက်တာတုန်း
သူး ငါ့ဖုန်း ဘက်ထရီ ကုန်သွားလို့ ။ အိမ်မှာ က ငါတစ်ယောက်တည်း ။ တစ်ယောက် ယောက် က တံခါးကို ဖျက်ပြီး ဝင်လာတဲ့ အသံ ကြားတော့ ငါလည်း ကြောက်အား လန့်အားနဲ့ အိမ်ပေါ် ပြေးတက်လာပြီး စတိုခန်းထဲ ဝင်ပုန်းနေတာ ။ အခု ငါက လက်တော့ပ် နဲ့ သုံးနေတာ ။ ငါ အကူ အညီ ရှာဖို့ လက်တော့ပ် ဖွင့်ဖွင့်ချင်း နင့်ကို အရင်ဆုံး တွေ့တာပဲ ။ ငါ့ကို ယုံပါဟယ် ။ ငါ အတည်ပြောနေတာ ။ ငါ့ကို ကူညီ ပါနော်
ကျွန်တော်း နင် သေချာရဲ့လား ။ စနေတာ မဟုတ်တာ သေချာလား
သူး တကယ် ပြောနေတာ ။ သေချာတယ် ။ ဖုန်း ဆက်ပေး ။
ကျွန်တော် လည်း ဘာဆက်လုပ် လို့ လုပ်ရမှန်း ဝေ၀ါးနေဆဲ ။ သူ့ ကြည့်ရတာတော့ တကယ်ပြောနေသလို ပါပဲ ။ တကယ်လို့ သူက စနေတာ မဟုတ်ပဲ အမှန်ပြောနေတာဆို ကျွန်တော် မကူညီ ပဲ မနေနိုင်သလို စနေတာဆို ရင်ကော ။
ကျွန်တော်း အေး အာ့တာဆို ငါ နင့် အစား ရဲ စခန်း ကို ဖုန်းခေါ် ပေးမယ် ။ နင့်နာမည် နဲ့ လိပ်စာ ပြော
သူး ငါ့နာမည် က နှင်းဆီ ။ လိပ်စာ က ………
သူ လိပ်စာ ကို ရိုက်နေတုန်း ကျွန်တော် က ဖုန်းကိုင်ပြီး ရဲစခန်း ကို ဖုန်းခေါ်နေပြီ ။ ဖုန်းခေါ်နေရင်း သူ ရေးတဲ့ လိပ်စာ ကို မြင်လိုက်တာနဲ့ ကျွန်တော့် လက်ထဲ က ဖုန်း က အလို အလျောက် လွှတ်ကျ သွားတော့တယ် ။
ဘုရား ရေ သူ ပြောတဲ့ လိပ်စာ က ကျွန်တော့် အိမ် လိပ်စာ
ကျွန်တော် သိပ်လန့်သွားပြီး လက်တော့ပ် ကို ပြန်ကြည့်တော့ စကရင် ပေါ်မှာ ပေါ်နေတဲ့ သူ့မျက်နှာ က အသနားခံနေသလို ၊ အကူအညီ တောင်းနေသလို မျက်ရည်တွေ တသွင်သွင် စီးကျနေတုန်း
ကျွန်တော် လည်း သူပြောတဲ့ ၊ သူပုန်းနေတယ် ဆိုတဲ့ စတိုခန်း ကျွန်တော်တို့ အိမ်က စတိုခန်း ( ကျွန်တော် အခန်းဘေး ) ကို လက်တော့ပ်ကြီး မပြီး သွားကြည့်ဖို့ ပြင်လိုက်တယ် ။ ကျွန်တော်လေ ကြောက်လွန်းလို့ ချွေးစေး တွေတောင် ပျံနေတယ် ။
နှလုံးတွေ လည်း တဒုန်းဒုန်း နဲ့ အခုန်မြန်နေတယ် ။ ကျွန်တော် တလှမ်းချင်း တလှမ်း ဘေးက စတိုခန်း ဆီ လျှောက်သွားနေတုန်း စကရင် ပေါ်က သူ့မျက်နှာကြည့်ရတာ သိပ်လန့်နေတဲ့ ပုံပါပဲ ။ သူ့မျက်နှာကို ကြည့်နေရင်း သူ့ မျက်နှာဘေး က အသံတစ်ခုခု ကို ကြားလိုက်သလိုမျိုး ဖြစ်ပြီး ကြောက်နေရာကနေ တစ်ကိုယ်လုံး ပါ တုန်လာတာကို တွေ့လိုက်တယ် ။ ကျွန်တော် လည်း စတိုခန်း တံခါး ကို လှည့်ဖွင့်လိုက်တုန်း
ရုတ်တရတ် အား ဆိုပြီး ကြောက်စရာ ကောင်းတဲ့ အသံနဲ့ သူအော် တာကို ကြားလိုက်တယ် ။
စတိုခန်း ထဲမှာ တော့ ဘာမှ မရှိပါဘူး ။ ကောင်မလေး မပြောနဲ့ ပြောင်ရှင်းနေပါတယ် ။ ကျွန်တော်လည်း စတိုခန်း အတွင်း သေချာ ကြည့်ပြီး ဘာမှ မရှိတာ သေချာမှ လက်တော့ပ် စကရင် ကို ပြန်ကြည့်တော့ စကရင် ပေါ် က သူ့ ပုံ က မရှိတော့ပါဘူး ။
ကျွန်တော့် နားထဲမှာ အား ဆိုပြီး အော်တဲ့ အသံ ကို နားထဲ စွဲနေတုန်း ။ ကျွန်တော် အခန်းထဲ ကြည့်နေတုန်း သူ အော်လိုက်တာ ဖြစ်ပြီး ကျွန်တော် စကရင် ဆီ ပြန်ကြည့်တဲ့ အချိန် ဘာမှ မတွေ့တော့တာ ဖြစ်တဲ့ အတွက် ဘာ က ဘယ်လို ဖြစ်သွားမှန်း မသိလိုက်ရပါ ။
ကျွန်တော် လည်း သိပ်ကြောက်သွားတဲ့ အတွက် အိမ်ပေါ်မှာ မနေရဲ တော့ပဲ အိမ်အောက် က ခုံပေါ်မှာပဲ တစ်ညလုံး အိပ်နေလိုက်ပါတော့တယ် ။
နောက်နေ့ မနက် ရောက်လို့ အမေနဲ့ အဖေ ပြန်လာတော့ ညက ဖြစ်ခဲ့တာတွေ ကို ကျွန်တော် ပြန်ပြောလိုက်တယ် ။ အမေ ကတော့ ကျွန်တော် တစ်ယောက်တည်း အိမ်မှာ နေရလို့ ဂယောင် ကတမ်း မြင်တယ် ဆိုပြီး ရယ်နေပေမယ့် အဖေ က တော့ သိပ် စိတ်ဝင်တစား ဖြစ်ပျက်ခဲ့ပုံ ကို ပြန်မေး နေပါတယ် ။ ပြီးတော့ အဖေ က ပြောတယ် အိမ်နီးချင်းတွေကို ပြန်မေးကြည့်လိုက်ဦးမယ် တဲ့ ။
အိမ်နီးချင်းတွေ ကို မေးကြည့်တဲ့ အချိန်မှာတော့ ထိတ်လန့်စရာ အဖြစ် အပျက် ကို သိလာရပါတယ် ။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ အခုနေတဲ့ အိမ်မှာ တခြား မိသားစု တစ်စု နေခဲ့ ဖူးပါတယ် ။ အာ့မိသားစုမှာ လည်း အဖေရယ် အမေရယ် ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ရယ် စုစုပေါင်း ၃ ယောက် နေတယ် ။ မိဘတွေ အပြင်သွားနေတုန်း ကောင်မလေး ကို လူသတ်သမား က သတ်သွားခဲ့တယ် ။ ကောင်မလေး ကတော့ ဓားဒဏ်ရာတွေ နဲ့ သေဆုံးသွားခဲ့ပါတယ် ။လူသတ်သမား ကို ခုချိန် ထိ ဖမ်းလို့ မမိသေးဘူး ။
သေသွားတဲ့ ကောင်မလေး နာမည် က နှင်းဆီ တဲ့…………..
ဒါဆို ကျွန်တော့်ကို လက်တော့ပ် စကရင် ကနေ ရဲစခန်း ဖုန်းဆက်ပေးဖို့ အကူ အညီ တောင်းခဲ့တဲ့ သူက ……….
တကယ်လို့ ကျွန်တော်သာ စတိုခန်း တံခါး ကို သွားမဖွင့်ပဲ လက်တော့ပ် ကိုပဲ စိုက်ကြည့်နေခဲ့မယ် ဆိုရင် ကောင်မလေး ဆီက အား ဆိုတဲ့ အသံ ကောသူ့ ကို ဓားနဲ့ ထိုးလိုက်တဲ့ သူကော ကို ပါ လက်တော့ပ် က တစ်ဆင့် မြင်လိုက်နိုင်မယ် ဆိုရင် လူသတ် တရားခံ ဘယ်သူ ဆိုတာကို ……….။
Credit: Ayesay

No comments